တစ်မူထူးခြားသော (သို့) မပျံသန်းနိုင်သော ငှက်များအကြောင်း

| Knowledge | November 24, 2014

un flyable birds

ငှက် ဟုဆိုလိုက်သည်နှင့် ကောင်းကင်တွင် လေဟုန်စီးပြီး လွတ်လပ်စွာပျံသန်းနေကြသော ငှက်များကို ပြေးမြင် ကြလိမ့်မည်ထင်ပါသည်။ ထိုကဲ့သို့ ပျံသန်းပြီး လှပသောရှုခင်းများကို အပေါ်စီးမှမြင်နိုင်သည့် အခွင့်အရေးကို လည်း လူအများက လိုချင်ကြကာ ငှက်များကို အားကျမိသူများလည်း ရှိပါလိမ့်မည်။ သို့သော်လည်း ငှက်များ ထဲတွင် မပျံသန်းနိုင်သော ငှက်များလည်း ရှိသည်။ ထို ငှက်များထဲမှ မပျံသန်းနိုင်သော ငှက် (၈) မျိုးအကြောင်း ကို ဖော်ပြပေးလိုက်ပါသည်။

ပင်ဂွင်းငှက် (Penguin)

မပျံသန်းနိုင်သော ငှက်များအကြောင်းကို ရေးသားရာတွင် မပါမဖြစ်ပါသင့်သည့် မပျံသန်းနိုင်သော ငှက်တစ်မျိုး အဖြစ် လူသိများထင်ရှားသော ငှက်တစ်မျိုးမှာ ပင်ဂွင်း ငှက်ဖြစ်ပါသည်။ ပင်ဂွင်းငှက်မျိုးစိတ် (၁၈) မျိုးစလုံး သည် မပျံသန်းနိုင်ကြသော်လည်း ရေကူးခြင်းနှင့် ရေငုပ်ခြင်းကို အထူးကျွမ်းကျင်ကြသည်။ ပင်ဂွင်းအများစု သည် အန္တာတိကတိုက်တွင်နေထိုင်ကြပြီး အချို့မျိုးစိတ်များမှာ သမပိုင်းဇုန်တွင် နေထိုင်ကြကာ Galapogos ပင်ဂွင်းမှာ အီကွေတာတွင် နေထိုင်ကြသည်။ ပင်ဂွင်းငှက်များ၏ထူးခြားချက်တစ်ခုမှာ မိတ်လိုက်ရာသီရောက် လာတိုင်း ပင်ဂွင်းကောင်ရေ ရာပေါင်း၊ ထောင်ပေါင်းများစွာ ရှိသော မိမိတို့အုပ်စုထဲမှ မိမိတို့နှင့်မိတ်လိုက်နေကျ အဖော်ကို ရှာဖွေကာ မိတ်လိုက်တတ်ခြင်းပင်ဖြစ်သည်။

Steamer Duck ဘဲ

Steamer Duck ဘဲ မျိုးစိတ် (၄) မျိုးတွင် မျိုးစိတ် (၃) မျိုးမှာ မပျံသန်းနိုင်သော ငှက်အမျိုးအစားများဖြစ်ကြ သည်။ ပျံသန်းနိုင်သော ငှက်မျိုးစိတ်တစ်မျိုးတွင်လည်း ငှက်အထီးများသည် ကိုယ်ခန္ဓာလေးလံသောကြောင့် ပျံသန်းနိုင်ရန် ခက်ခဲလှသည်။ paddle steamer လှေသည် မိမိ၏ကြီးမားသောဘီးများဖြင့်ရွေ့လျားသကဲ့သို့ တောင်အမေရိကတိုက်တွင် နှင့် ဖော့ခ်လန်းကျွန်းတွင်နေထိုင်ကြသော Steamer Duck များသည်လည်း မိမိ တို့၏ တောင်ပံများကို ဖြန့်ကားကာ ရေတွင် သွားလာတတ်ကြသည်။ ထို့အပြင် ထိုဘဲများသည် နယ်မြေလုရင်း သွေးထွက်သံယိုဖြစ်သည်အထိ အချင်းချင်း ရန်ဖြစ်တတ်ကြကာ မိမိတို့ထက် အရွယ်အစားများစွာကြီးမားသည့် ရေတွင်ကျက်စားနေထိုင်သော ငှက်များကိုပင် သတ်နိုင်သည် ဟု နာမည်ကြီးသော ငှက်အမျိုးအစားတစ်မျိုး ဖြစ်ပါသည်။

Weka ငှက်

Weka ငှက်သည် နယူးဇီလန်နိုင်ငံတွင် နေထိုင်ကျက်စားသော ငှက်တစ်မျိုးဖြစ်ပြီး အရောင်မှာ အညိုရောင်ဖြစ် ကာ ကြက်ပေါက်စလေး အရွယ်အစားရှိသည်။ ထိုငှက်သည် နယူးဇီလန်နိုင်ငံသားများနှင့် ဥရောပရွှေ့ပြောင်း အခြေချနေထိုင်သူများအတွက် အရေးပါသော သဘာဝအရင်းအမြစ်ဖြစ်သော်လည်း ယခုအခါ အရေအတွက် လျော့နည်း နေပြီ ဖြစ်သည်။ ဤငှက်၏ပုံစံမှာ မထူးခြားလှသော်လည်း အသံမှာ သာယာလှသည်။ ထို့အပြင် ထိုငှက်များသည် မိမိတို့အလိုရှိသည့်အရာကို ကျွမ်းကျင်ပါးနပ်စွာ ခိုးယူတတ်ကြကာ ရေကူးခြင်းကိုလည်း အထူးကျွမ်းကျင်ကြသည်။

ငှက်ကုလားအုတ် (Ostrich)

ခွန်အားကြီးမားသော ငှက်ကုလားအုတ်များကို ငှက်ဘုရင်များဟု တင်စားခေါ်ဝေါ်တတ်ကြပြီး အကြီးမားဆုံး ငှက်ကုလားအုတ်တစ်ကောင်သည် ၉ ပေအထိရှည်ကာ အလေးချိန်အားဖြင့် ပေါင် ၃ဝဝ ကျော်အထိ ကြီးထွား နိုင်သည်။ ငှက်ကုလားအုတ်ဥသည်လည်း ကမ္ဘာပေါ်တွင်အကြီးမားဆုံးဥဖြစ်ကာ ဥ၏အချင်းမှာ ၅ လက်မ ခန့် ရှိပြီး အလေးချိန်မှာ ၃ ပေါင် ခန့်ရှိသည်။ ငှက်ကုလားအုတ်များသည် မပျံသန်းနိုင်ကြသော်လည်း ခွန်အားကြီး မားသော ခြေထောက်များဖြင့်ကန်ကျောက်၍ မိမိကိုယ်ကိုယ် ကာကွယ်တတ်ကြသည့်အပြင် မိမိတို့ကျက်စား နေထိုင်ရာ အာဖရိကရှိ ဟင်းလင်းပြင်တွင် တစ်နာရီလျှင် ၄၅ မိုင်ကျော်နှုန်းဖြင့် ပြေးလွှားနိုင်ကြသည်။

Kiwi ငှက်

Kiwi ငှက်များတွင် မျိုးစိတ် ၅ မျိုးရှိပြီး အရွယ်အစားမှာ ကြက်ပေါက်လေးတစ်ကောင်၏အရွယ်အစားခန့်ဖြစ်ကာ နယူးဇီလန်နိုင်ငံတွင် နေထိုင်ကျက်စားသော ငှက်တစ်မျိုးဖြစ်သည်။ ထိုငှက်များတွင် အလွန်တကူမမြင်နိုင်သော အလွန်သေးငယ်သည့်တောင်ပံများရှိပြီး နို့တိုက်သတ္တဝါများ၏အမွှေးအမျှင်နှင့်တူသော ငှက်မွှေးများကိုပိုင်ဆိုင် ထားသည်။ အခြားငှက်များနှင့်မတူဘဲ Kiwi ငှက်များတွင် နှာပေါက်သည် ၎င်းတို့နှုတ်သီး၏ထိပ်ဖျားတွင်ရှိသည်။ Kiwi ငှက်မများသည် ၁ ပေါင်ကျော်လေးသော ဥများကိုဥတတ်သောကြောင့် ငှက်၏အရွယ်အစားနှင့်နှိုင်းယှဉ် သော် အလွန်ကြီးမားသည့်ဥများကို ဥသောငှက်တစ်မျိုးဖြစ်သည် ဟုဆိုနိုင်ပေသည်။

Kakapo ငှက်

နယူးဇီယန်နိုင်ငံတွင် နေထိုင်ကျက်စားသော ငှက်တစ်မျိုးဖြစ်ပြီး “ဇီးကွက် ကြက်တူရွေး” ဟု လူသိများသော ငှက်ဖြစ်သည်။ ညဉ့်တွင်ကျက်စားလေ့ရှိသော အဆိုပါကြက်တူရွေးသည် ဇီးကွက်၏မျက်နှာ၊ ပင်ဂွင်း၏ကိုယ်နေ ဟန်ထား နှင့် ဘဲ၏လမ်းလျှောက်ဟန်ကိုပိုင်ဆိုင်ထားသည်။ ထူးခြားသော ငှက်တစ်မျိုးဖြစ်ပြီး တောက်ပသော အစိမ်းရောင် နှင့် အညိုရောင်ငှက်မွေးများကို ပိုင်ဆိုင်ကြသည်။ Kakapo ငှက်အထီး၏အသံမှာ မိုင်တစ်ဝက်ခန့် အကွာအဝေးကပင် ကြားနိုင်လောက်အောင်အထိ အလွန်ကျယ်လောင်သည်။

Takahe ငှက်

နယူးဇီလန်နိုင်ငံတွင် နေထိုင်ကျက်စားသော ငှက်တစ်မျိုးဖြစ်ပြီး ၁၈ဝဝ ခုနှစ်နောက်ပိုင်းတွင် မျိုးတုံးပျောက် ကွယ် သွားပြီ ဟုယူဆခဲ့ကြသော်လည်း ၁၉၄၈ ခုနှစ် ထိုငှက်အမျိုးအစားအား ရုတ်တရက်ပြန်လည် ရှာဖွေ တွေ့ ရှိခဲ့ကြသည်။ အရောင်အသွေးစုံလင်လှပသော ငှက်ဖြစ်ပြီး ကိုယ်ထည်မှာ အပြာရောင်တောက်တောက်၊ တောင်ပံမှာ အစိမ်းရောင်ဖြစ်ကာ နှုတ်သီးမှာ အနီရောင်ဖြစ်သည်။ ဤငှက်၏ထူးခြားချက်မှာ သက်တမ်း ၂ဝ ကျော်သည်အထိ အသက်ရှင်နေထိုင်နိုင်ခြင်း ဖြစ်သည်။

Cassowary ငှက်

Cassowary ငှက်မှာ အလွန်ကြီးမားသော ငှက်တစ်မျိုးဖြစ်ပြီး သြစတြေးလျတိုက်နှင့် အနီးအနားရှိကျွန်းများတွင် ကျက်စားနေထိုင်သည့် ငှက်ဖြစ်သည်။ ငှက်ကုလားအုတ်ထက်ကြီးမားသည့် တစ်ခုတည်းသော ငှက်အမျိုးအစား ဖြစ်ပြီး ၄ လက်မအထိရှည်လျားသည့် အလွန်ရှည်လျားသော လက်သည်းများကိုပိုင်ဆိုင်ထားသည်။ အဆိုပါ ငှက်များသည် လူသားများကိုပင် သတ်နိုင်သည် ဟုပြောစမှတ်ပြုကြသည်။ ငှက်၏ထူးခြားချက်မှာ အရောင် အသွေးစုံလင်လှသော အမောက်ကိုပိုင်ဆိုင်ထားခြင်းဖြစ်သည်။

– Nu Htet Htet Lwin

Sponsored Links

Leave a Reply

You must be logged in to post a comment.

Sponsored Ads

  • Myanmar Car Market
  • Myanmar Property
  • Myanmar Website Design
  • Ad 1
  • Interior design and renovation
  • Ad 1
  • ThuKhaSan Myanmar Traditional Medicine

Sponsored Links

Facebook Friends

Google Plus Friends