အီစွပ်၏ကမ္ဘာကျော်ပုံပြင်များ

| Knowledge, Motivation | December 11, 2014

Fable ဟု လူသိများထင်ရှားသည့် ပုံပြင်အမျိုးအစားမှာ ဖတ်ရှုသူများအား သင်ခန်းစာပေးသော ပုံပြင် များ ဖြစ်ပြီး အီစွပ်ရေးသားသောပုံပြင်များမှာ Aesop’s Fables ဟုပြောစမှတ်ပြုလောက်သည်အထိ ကမ္ဘာ တစ်ဝန်းလုံးရှိ လူအများအပြား သိရှိကြသည့် ကမ္ဘာကျော်ပုံပြင်များဖြစ်ကြပါသည်။ ယုန်နှင့်လိပ်၊ စပျစ်သီး နှင့် မြေခွေး၊ နွားစာခွက်ထဲက ခွေး၊ ခင်္သြေ့ နှင့် ကြွက်၊ ပုရွက်ဆိတ်နှင့် နှံကောင် အစရှိသည့် ပုံပြင်များမှာ ကမ္ဘာ တစ်ဝန်းလုံးရှိ စာဖတ်သူ အများစုနှင့် ရင်းနှီးပြီးသား ပုံပြင်များဖြစ်ကြပြီး ထိုပုံပြင်များထဲမှ စိတ်ဝင်စားဖွယ်ရာ ပုံပြင် ၃ ပုဒ်ကို ရွေးချယ် တင်ပြလိုက်ရပါသည်။

ပုံပြင်

လူ နှင့် မြွေ

တစ်ရံရောအခါက လူတစ်ဦး၏သားလေးမှာ မြွေတစ်ကောင်ကို မတော်တဆတက်နင်းမိရာ မြွေက ထိုကောင်လေးအား ပေါက်သတ်လိုက်သဖြင့် ထိုကောင်လေးသေဆုံးသွားလေ၏။ သားလေးသေဆုံးသွားသဖြင့် ဒေါသထွက်နေသော ကောင်လေး၏ဖခင်က ပုဆိန်တစ်လက်ဖြင့် သူ၏သားကိုကိုက်သတ်သွားသော မြွေအား လိုက်လံရှာဖွေ၍ မြွေ၏အမြီးကို ခုတ်ဖြတ်လိုက်လေသည်။ ထို့နောက် မြွေက တစ်ဖန် လယ်သမားဖြစ်သူ အဆိုပါကောင်လေး၏ဖခင်ပိုင်ဆိုင်သော ကျွဲနွားတိရစ္ဆာန်များ မြွေဆိပ်တက်၍ သေဆုံးသွားကြရန် လုပ်ဆောင် ပြန်၏။ ကောင်လေး၏ဖခင်ဖြစ်သူက ဤမြွေနှင့်ညှိနှိုင်းခြင်းသည်သာ အကောင်းဆုံးဖြေရှင်းနည်းဖြစ်သည်ဟု ယူဆကာ အစားအစာများနှင့် ပျားရည်များကိုယူဆောင်လာပြီး “အရာအားလုံးကို ခွင့်လွှတ်ပေးပြီး မေ့ပစ်လိုက် ကြစို့၊ မင်းက ငါ့သားကို အပြစ်ပေးတာမှန်တယ်၊ ငါကျွဲနွားတိရစ္ဆာန်တွေကိုလည်း မင်းလက်စားချေသင့်တယ်၊ ငါက မင်းအပေါ် လက်တုံ့ပြန်ခဲ့တာလည်း မှန်တာပဲ။ ဒီတော့ ငါတို့တွေ ကျေအေးပြီး ပြန်လည် သင့်သင့် မြတ်မြတ် နေကြရအောင်” ဟု မြွေအား ပြောကြားခဲ့လေသည်။ ထိုအခါ မြွေက “မဟုတ်ဘူး၊ သင့်လက်ဆောင် တွေကို ပြန်ယူ သွားလိုက်ပါ။ သင့်သား၏သေဆုံးမှုကို သင်မေ့နိုင်မှာ မဟုတ်သလို ငါ့အမြီးဆုံးရှုံးရမှုကိုလည်း ငါမေ့နိုင်မှာ မဟုတ်ပါဘူး” ဟု ပြန်လည်ပြောကြားလိုက်ပါသည်။

နာကျင်မှုဆိုသည်မှာ ခွင့်လွှတ်ပေးနိုင်သော်လည်း မမေ့ပျောက်နိုင်သော အရာဖြစ်လေသည်။

online

လောဘကြီးသူနှင့်မနာလိုသူ

တစ်ရံရောအခါက လောဘကြီးသူနှင့်မနာလိုသူတို့သည် အိမ်နီးနားချင်းများဖြစ်ကြပြီး သူတို့နှစ်ဦးစလုံး သည် သူတို့၏လိုအင်ဆန္ဒများပြည့်မြောက်ရန်အတွက် နတ်ဘုရားထံဆုတောင်းကြသည်။ နတ်ဘုရားက သူတို့ နှစ်ဦးစလုံးအား သင်ခန်းစာပေးရန်အလို့ငှာ သူတို့နှစ်ဦးစလုံးတောင်းဆိုထားသော ဆုတောင်းများ ပြည့်မြောက် စေပြီး သူတို့၏အိမ်နီးနားချင်းမှာ သူတို့ဆုတောင်းခြင်း၏နှစ်ဆအကျိုးကို ခံစားရစေရန် လုပ်ဆောင်လိုက်သည်။ လောဘကြီးသူက အခန်းတစ်ခန်းလုံး ရွှေများအပြည့်ရရှိရန်ဆုတောင်းခဲ့ကာ မိမိ၏ဆုတောင်းပြည့်မြောက်ပြီး မကြာခင်မှာ မိမိ၏အိမ်နီးချင်းက အခန်းနှစ်ခန်းစာ ရွှေများအပြည့်ရရှိသွားသည်ကို သိရှိရသဖြင့် သူ၏ပျော်ရွှင်မှု များ အဆုံးသတ်သွားခဲ့သည်။ မနာလိုသူက မိမိ၏အိမ်နီးချင်းပျော်ရွှင်နေသည်ကို လုံးဝမကြည်ဖြူပေ။ သို့ဖြစ်၍ မိမိ၏မျက်လုံးတစ်လုံးပြုတ်ထွက်သွားစေရန် ဆုတောင်းလိုက်သည်။ ထိုသို့ဆုတောင်းလိုက်ခြင်းဖြင့် မိမိ၏အိမ်နီး ချင်းမှာ မျက်လုံးနှစ်လုံးစလုံး ပြုတ်ထွက်ပြီး မျက်ကန်းဘဝသို့ရောက်ရှိသွားမည် ဖြစ်သည်။

မကောင်းမှုဒုစရိုက်ပြုလုပ်သူသည် မကောင်းမှု၏အကျိုးကိုခံစားရတတ်သည်။

help

ယုန်မလေးနှင့်သူ၏သူငယ်ချင်းများ

ယုန်မလေးသည် အခြားတိရစ္ဆာန်များနှင့်ဆက်ဆံရေးအဆင်ပြေပြီး ယုန်မလေးအား မိတ်ဆွေ အဖြစ် ခင်ခင်မင်မင်ဆက်ဆံကြသည်။ တစ်နေ့သော် အမဲလိုက်ခွေးများ ယုန်မလေးနေထိုင်ရာနေရာသို့ ဦးတည်လာနေ သည့် အသံကြားသဖြင့် ယုန်မလေးက သူ့မိတ်ဆွေများ၏အကူအညီဖြင့် အမဲလိုက်ခွေးများ၏အန္တရာယ်မှ လွတ်မြောက်အောင် ကြိုးပမ်းမည်ဟု ဆုံးဖြတ်လိုက်သည်။ ယုန်မလေးသည် ပထမဦးဆုံး မြင်းဆီသို့သွားပြီး သူ့အား ကျောကုန်းပေါ်တွင် တင်၍ အမဲလိုက်ခွေးများနှင့် ဝေးရာဆီသို့ ခေါ်ဆောင်သွားပေးပါရန် အကူအညီ တောင်းရာ မြင်းက သူ့သခင်အတွက် အရေးကြီးကိစ္စလုပ်စရာရှိကြောင်း၊ အခြားမိတ်ဆွေများက ကူညီပေးလိမ့် မည်ဖြစ်ကြောင်း ပြန်ပြောလိုက်သည်။ ထို့နောက် ယုန်မလေးသည် ကျွဲရိုင်းက သူ၏ချိုဖြင့် အမဲလိုက်ခွေးများ အား ရန်မူပေးလိမ့်မည်ဟု ယူဆကာ သူ့အဖြစ်အပျက်အား ကျွဲရိုင်းထံပြောပြရာ ကျွဲရိုင်းက သူ ကျွဲမတစ်ကောင် နှင့် ချိန်းထားသဖြင့် မကူညီနိုင်ကြောင်း၊ သူ့သူငယ်ချင်း ဆိတ်က ကူညီပေးနိုင်လိမ့်မည်ဖြစ်ကြောင်း ပြန်လည် ပြောကြားလိုက်သည်။ ဆိတ်ကလည်း ယုန်မလေးအား ကျောကုန်းပေါ်တင်ပြေးလျှင် ဘေးအန္တရာယ်တစ်ခုခု ဖြစ်မည်ကို စိုးရိမ်သောကြောင့် သိုးထီးထံသွားရောက်အကူအညီတောင်းရန် အကြံပေးလိုက်သည်။ သိုးထီးက လည်း အမဲလိုက်ခွေးများမှာ ယုန်များကိုစားသောက်သကဲ့သို့ သိုးများကို စားသောက်သဖြင့် မကူညီနိုင်ကြောင်း ပြောကြားလိုက်သည်။ ယုန်မလေးလည်း နောက်ဆုံးမျှော်လင့်ချက်ဖြင့် နွားကလေးထံသွားရောက်အကူအညီ တောင်းရာ မိမိထက်အသက်အရွယ်ကြီးသူများက ငြင်းပယ်ထားသော ကိစ္စတစ်ခုကို တာဝန်မယူလိုသော ကြောင့် မကူညီနိုင်ကြောင်း ငြင်းပယ်လိုက်ပြန်သည်။ အမဲလိုက်ခွေးများ တဖြည်းဖြည်းနီးကပ်လာသောအခါ ယုန်မလေးသည် ကိုယ့်အားကိုယ်ကိုး၍ ထွက်ပြေးတိမ်းရှောင်ရာ နောက်ဆုံးတွင် အမဲလိုက်ခွေးများ၏အန္တရာယ် မှ လွတ်မြောက်သွားခဲ့သည်။

မိတ်ဆွေများပေါများသော်လည်း မိတ်ဆွေစစ်မှာမူ ရှားပါသည်။

– Nu Htet Htet Lwin

Sponsored Links

Leave a Reply

You must be logged in to post a comment.

Sponsored Ads

  • Myanmar Car Market
  • Myanmar Property
  • Myanmar Website Design
  • Ad 1
  • Interior design and renovation
  • Ad 1
  • ThuKhaSan Myanmar Traditional Medicine

Sponsored Links

Facebook Friends

Google Plus Friends