မြန်မာနိုင်ငံ၏ပထမဆုံးယူနက်စကိုကမ္ဘာ့အမွေအနှစ်ဇုန်

| Knowledge | December 30, 2014

ads portalကမ္ဘာ့ကုလသမဂ္ဂ၏အဖွဲ့အစည်းတစ်ခုဖြစ်သည့် ကမ္ဘာ့ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှု အဖွဲ့ (ယူနက်စကို) (United Nations Educational, Scientific and Cultural Organization) အဖွဲ့သည် ကမ္ဘာတစ်ဝန်းလုံးရှိယဉ်ကျေးမှုအဖိုးတန်အမွေအနှစ်များနှင့်သဘာဝနယ်မြေများကို ကာကွယ်ထိန်းသိမ်းရာတွင် နိုင်ငံတကာမှပူးပေါင်းဆောင်ရွက်ရေးအတွက်မူဘောင်ချမှတ်ပေးသည့်ကမ္ဘာ့ယဉ်ကျေးမှုနှင့်သဘာဝအမွေအနှစ် ကာကွယ်ထိန်းသိမ်းရေး ဆိုင်ရာ ကွန်ဗင်းရှင်း (the Convention Concerning the Protection of the World Cultural and Natural Heritage) (၁၉၇၂ ခုနှစ်) နှင့်အညီ ယူနက်စကိုကမ္ဘာ့အမွေအနှစ်ဇုန်များကို သတ်မှတ်လျက်ရှိသည်။ အမွေအနှစ်ဇုန်များအား (၁) ယဉ်ကျေးမှုအမွေအနှစ်ဇုန်၊ (၂) သဘာဝအမွေအနှစ်ဇုန် နှင့် (၃) ယဉ်ကျေးမှု နှင့်သဘာဝရောနှောအမွေအနှစ်ဇုန် ဟူ၍ ၃ မျိုးခွဲခြားထားပါသည်။ ယဉ်ကျေးမှုအမွေအနှစ် ဇုန်များတွင် သမိုင်းဝင်အဆောက်အအုံများ၊ မြို့ဟောင်းနေရာများ၊ အရေးပါသောရှေးဟောင်းသုတေသနနေရာ များနှင့်အထိမ်းအမှတ်ရုပ်တုများ သို့မဟုတ် ပန်းချီများပါဝင်ပါသည်။ သဘာဝအမွေအနှစ်ဇုန်များတွင် ထင်ရှား သော ကမ္ဘာ့သက်ရှိမှတ်တမ်းများ သို့မဟုတ် ဘူမိဖြစ်စဉ်များ၊ ဇီဝဆင့်ကဲဖြစ်စဉ်များ၊ ရှားပါးထူးခြားသော သဘာဝအလှတရားများ ရှိသည့်နေရာများနှင့် မျိုးတုံးလုနီးပါးအန္တရာယ်နှင့်ရင်ဆိုင်နေရသော တောရိုင်းတိရစ္ဆာန် များ နေထိုင်ကျက်စားရာနေရာများပါဝင်သည်။ ယဉ်ကျေးမှုနှင့်သဘာဝရောနှောအမွေအနှစ်ဇုန်တွင် ယဉ်ကျေးမှု နှင့် သဘာဝဆိုင်ရာထင်ရှားသောအရာများ ပါဝင်သည်။

မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်၊ ဧပြီလ ၁၉ ရက်တွင် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့ ပြီး ၁၉၉၄ ခုနှစ်တွင် ကမ္ဘာ့ယဉ်ကျေးမှုနှင့်သဘာဝအမွေအနှစ် ကာကွယ်ထိန်းသိမ်းရေးဆိုင်ရာ ကွန်ဗင်းရှင်း အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့ကာ ၁၉၉၄ ခုနှစ်၊ အောက်တိုဘာတွင် ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ ပျူမြို့ဟောင်းသုံးမြို့အပါအဝင် မြောက်ဦး၊ ပြဒါးလင်းဂူ၊ အင်းလေးကန်၊ မင်းကွန်းဒေသ၊ မန္တလေးဒေသ၊ အင်းဝ ဒေသ နှင့် ဟံသာဝတီစသည့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဇုန်များ နှင့် သဘာဝဇုန်များအား ကမ္ဘာ့ ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင် အဖြစ် သတ်မှတ်ပေးရန် ယူနက်စကိုသို့တင်သွင်းခဲ့ရာ မအောင်မြင်ခဲ့ကြောင်း သိရသည်။ ၂ဝဝ၈ ခုနှစ်တွင် အဆိုပါ ပျူမြို့ဟောင်း သုံးမြို့အား ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ဇုန်အဖြစ် သတ်မှတ်ပေးပါရန် ပြန်လည်တင်သွင်းခဲ့ပြီး အဆိုပါဒေသများအား ထိန်းသိမ်းဆောင်ရွက်မှုများပြုလုပ်ခဲ့ကာ ယူနက်စကို World Heritage Centre နှင့်လည်း ဆက်သွယ်ဆောင်ရွက်ခဲ့ပါသည်။ ဤသို့ဖြင့် ကာတာနိုင်ငံ၊ ဒိုဟာမြို့တွင် ၂ဝ၁၄ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့မှ ၂၅ ရက်အထိကျင်းပခဲ့သော World Heritage Committee က မြန်မာနိုင်ငံမှ ဟန်လင်း၊ ဗိဿနိုးနှင့် သရေခေတ္တရာမြို့တို့အား ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင် အဖြစ် ဇူလိုင်လ ၂၂ ရက်နေ့တွင် သတ်မှတ်ခဲ့ကြသည်။

ပျူရှေးမြို့ဟောင်းများသည် အရှေ့တောင်အာရှ၌ ဗုဒ္ဓဘာသာစတင်အမြစ်တွယ်ရာဒေသများဖြစ်ပြီး ဘောဘောကြီးစေတီအစရှိသည့် စေတီပုထိုးများ နှင့် ဘာသာရေးဆိုင်ရာအုတ်အဆောက်အအုံများကို အဆိုပါ မြို့ဟောင်းများတွင် တွေ့ရှိရသည်။ ထို့အပြင် ပျူြမို့ဟောင်းများတွင် ရှေးအကျဆုံးဗိသုကာအဆောက်အအုံပုံစံ များကိုလည်း တွေ့ရှိရကာ ၅ ရာစုနောက်ပိုင်းတွင် အရှေ့တောင်အာရှဒေသများသို့ ဗုဒ္ဓအဆုံးအမများနှင့် သာသနာ့အဆုံးအမများ ပြန့်ပွားစေခဲ့သည့် ဒေသလည်း ဖြစ်သည်။ ထိုသို့ဘာသာရေးအရ အရေးပါသော ဒေသများဖြစ်သည့်အပြင် ထိုဒေသများတွင် စနစ်ကျသော ရေပေးဝေမှုစနစ်ဖြင့် ဆောင်ရွက်သော စိုက်ပျိုးရေး၊ ရွှေထည်၊ ငွေထည်၊ သံထည်၊ ကြေးထည်များထုတ်လုပ်ခြင်း၊ အရှေ့တောင်အာရှ၊ တရုတ်၊ အိန္ဒိယတို့နှင့် ကုန်သွယ်ရေးဆောင်ရွက်ခြင်း များကိုလည်း လုပ်ကိုင်ဆောင်ရွက်ခဲ့ကြသည်။ ထို့အပြင် အဆိုပါမြို့များတွင် ပျူလူမျိုးတို့၏ကျောက်စာများ နှင့် ထူးခြားသော အလေ့အထတစ်ခုဖြစ်သည့် ကွယ်လွန်သူများ၏ အရိုးပြာ များအား အရိုးအိုးများဖြင့်ထည့်သွင်းမြှုပ်နှံတတ်သည့် အရိုးအိုးဓလေ့ကိုလည်း တွေ့ရှိရသည်။ အလွန်စနစ် ကျသော မြို့ပြတည်ထောင်မှု နှင့် အဆောက်အအုံတည်ဆောက်မှုကိုလည်း ကြီးမား ခိုင်ခံ့သော ဂိတ် တံခါး၊ ကျုံး၊ လမ်းများနှင့် တူးမြောင်းများက သက်သေခံလျက်ရှိသောကြောင့် အရေးပါသော ယဉ်ကျေးမှုဆိုင်ရာ အမွေ အနှစ်များ တစ်စုတစ်ဝေးတည်း တည်ရှိရာ အဆိုပါမြို့ ၃ မြို့အား ယူနက်စကို၏ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင် အဖြစ်သတ်မှတ်ခဲ့ကြခြင်း ဖြစ်သည်။

-Nu Htet Htet Lwin

Sponsored Links

Leave a Reply

You must be logged in to post a comment.

Sponsored Ads

  • Myanmar Car Market
  • Myanmar Property
  • Myanmar Website Design
  • Ad 1
  • Interior design and renovation
  • Ad 1
  • ThuKhaSan Myanmar Traditional Medicine

Sponsored Links

Facebook Friends

Google Plus Friends