YBS ယာဉ်စီးခနှင့် ပတ်သက်၍ ဆွေးနွေးအကြံပြုချက်

| Knowledge, news | March 5, 2018

လွန်ခဲ့တဲ့ ရက်သတ္တပတ်လောက်အတွင်းမှာ YBS ယာဉ်စီးခနဲ့ ပတ်သတ်ပြီး Facebook ပေါ်မှာ လူထုအသံလေးတွေ သိသိသာသာကျယ်လာတာကို သတိထားမိပါတယ်။ တပြိုင်တည်းဆိုသလို Bus operator တွေ ရှုံးခြင်း၊ မြတ်ခြင်းနဲ့ ဆက်စပ်ပြီး ယာဉ်စီးခတက်မယ့်ကိစ္စကလည်း လူအများကြားမှာ သို့လောသို့လောဖြစ်နေကြပါတယ်။

လက်ရှိ YBS လောကမှာ အသုံးပြုပြေးဆွဲနေတဲ့ ဘတ်စ်ကားတွေကို အကြမ်းဖျဉ်းအားဖြင့် အုပ်စု (၃) စု ခွဲနိုင်ပါတယ်။

(၁) Brand new ဘတ်စ်ကားများ
YBS မဖြစ်ခင် တစ်နှစ်အလိုလောက်မှာ ရန်ကုန်မြို့ရဲ့ ပထမဦးဆုံး BRT Lite system ကို YBPC က စတင်ပြေးဆွဲခဲ့ပါတယ်။ ရန်ကုန်မြို့တွင်း ဘတ်စ်ကားလောကမှာ ပထမဆုံး brand new ဘတ်စ်တွေနဲ့ ပြေးဆွဲတာဖြစ်ပါတယ်။ ယာဉ်စီးခ ပုံသေ (၃၀၀) ကျပ်ပါ။ အဲဒီအချိန်တုန်းက BRT lite ပြေးဆွဲဖို့ တင်သွင်းခဲ့တဲ့ ဘတ်စ်ကားတွေရဲ့ manufacturer အလိုက် အစီးအရေအတွက်နဲ့ တစ်စီးချင်းစီရဲ့ CIF price က ဒီလိုပါ။
King Long XMQ6119G – $ 79,340 (၁၅ စီး)
Higer KLQ6119G – $ 81,840 (၁၅ စီး)
Daewoo BS106 NEW – $ 119,700 (၁၅ စီး)
Hyundai Super Aero City (Restyled) – $ 119,700 (၁၅ စီး)
Scania-Marcopolo Torino LE – $ 245,000 (၅ စီး)
YBS ခေတ်ကို ရောက်လာတဲ့အချိန်မှာ နောက်ထပ် brand new ဘတ်စ်တွေ ထပ်မံရောက်ရှိလာပါတယ်။
Yutong ZK6108HNG – $ 56,000 (အစီး ၅၀၀)
Ankai HK6105HGQ4 – $ 56,000 (အစီး ၅၀၀)
Foton AUV BJ6123 – $ 88,000 (အစီး ၁၀၀၀)
ဒီ brand new ကားတွေကို လက်ရှိမှာ YBPC ၊ YUPT ၊ Omni Focus ၊ GYCT ၊ ဗန္ဓုလ ၊ လူထုမိတ်ဆွေ အစရှိတဲ့ operator တွေက အသုံးပြုပြေးဆွဲနေပါတယ်။ YBS တွေ ရှုံးလားဆိုတဲ့ မေးခွန်းအရ အခုပြောခဲ့တဲ့ operator ရှုံးနေပါတယ်။ ဒီ brand new ကားတွေရဲ့ အရင်းကြေကာလကို အနည်းဆုံး (၇) နှစ်ကနေ (၁၀) နှစ်အထိ ဖမ်းထားရမှာဖြစ်လို့ အရင်းမကြေသေးဘူးလို့ ပြောရင်လည်း မှန်ပါတယ်။ ဒီ operator တွေအနေနဲ့ ကားတန်ဖိုးမှာတင် ပထမဆုံးအနေနဲ့ အရင်းအနှီးတော်တော်ကြီးပါတယ်။ ကားပေါင်းစုံရှိတဲ့အထဲမှာ မြို့တွင်းပြေးဆွဲတဲ့ဘတ်စ်ကားတွေဟာ အခိုင်းအများဆုံးဖြစ်ပြီး မော်တော်ယာဉ်တွေရဲ့ service နဲ့ maintenance ကုန်ကျစရိတ်လည်း မြင့်ပါတယ်။ YBPC က Scania တွေ အင်ဂျင်ဝိုင်တစ်ခါလဲရင် ဘယ်လောက်ကုန်ကျတယ်ဆိုတာ သိတဲ့လူတွေသိကြပါတယ်။ ဒါ့အပြင် automatic station announcer လိုမျိုး ထပ်ပေါင်းထည့်တဲ့ system တွေရဲ့ ကုန်ကျစရိတ်တွေလည်း မနည်းပါဘူး။ ဒါ ဥပမာအနေနဲ့ တစ်ခုနှစ်ခုပြောပြတာပါ။ နောက်ကွယ်မှာ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ကုန်ကျစရိတ်တွေလည်း ရှိပါတယ်။

(၂) Reconditioned ဘတ်စ်ကားများ
YBS လောကမှာ အလယ်အလတ်တန်းစား ကားတွေလို့ပြောနိုင်ပါတယ်။ ဝန်ဆောင်မှုအပိုင်းမှာလည်း အတော်လေးအထိုက်အလျောက် ကောင်းကြပါတယ်။ Hyundai Super Aero City တစ်ပတ်ရစ်တွေနဲ့ Daewoo BS106 တစ်ပတ်ရစ်တွေကို အများဆုံးတင်သွင်းပါတယ်။ ဒီတစ်ပတ်ရစ်ကားတွေကို showroom ပေါင်းစုံမှာ သိန်း ၃၀၀ ကျပ် ကနေ သိန်း ၃၅၀ ကျပ် (မျက်မြင်အတိုင်းဈေး) လောက်နဲ့ ဝယ်ယူပါတယ်။ ဒါပေမယ့် ချက်ချင်းလိုင်းပေါ်တင်မဆွဲသေးဘဲ နောက်ထပ် သိန်း ၅၀ ကျပ် ကနေ သိန်း ၁၀၀ ကျပ်လောက် ထပ်ပေါင်းထည့်ပြီး ကားတွေကို လိုအပ်တာတွေပြုပြင်မွမ်းမံပြီးမှ လိုင်းပေါ်တင်ဆွဲပါတယ်။ ဒီကားတွေကို မြင်သာအောင်ပြောရရင် Power Eleven ရဲ့ ကားတွေလို၊ Trans Link ရဲ့ YBS 80 တွေလိုပါပဲ။ ဒီလိုကားမျိုးတွေရဲ့ အရင်းကြေကာလကိုတော့ (၃) နှစ်လောက်မှာ ဖမ်းနိုင်ပါတယ်။ အရှုံးအမြတ်ကိစ္စပြောရရင်တော့ အရမ်းအမြတ်ကြီးမဟုတ်ရင်တောင် အရမ်းအရှုံးကြီးလည်း မဟုတ်ပါဘူး။

(၃) Used ကားများ
YBS လောကမှာ ကားအတန်းအစားရော ဝန်ဆောင်မှုအပိုင်းမှာပါ အားအနည်းဆုံး အုပ်စုဖြစ်ပါတယ်။ ကားကြီးအစ မီနီဘတ်စ်အဆုံး ပါပါတယ်။ Reconditioned ကားတွေလိုပဲ တစ်ပတ်ရစ်ကားတွေကို မျက်မြင်အတိုင်းဝယ်ယူပါတယ်။ ကွာခြားချက်အနေနဲ့ ငွေထပ်ထည့်ပြီး ပြုပြင်မွမ်းမံတာမျိုးမရှိဘဲ လိုင်းဆွဲလို့ရရုံလောက် လက်ပူတိုက်ပြီး ခိုင်းကြတာပါ။ ဒီလိုကားတွေကတော့ အရှုံးပေါ်စရာ မရှိပါဘူး။ ဘာကြောင့်လဲဆိုရင် brand new အသုံးပြုနေတဲ့ တချို့လိုင်းတွေ၊ reconditioned အသုံးပြုနေတဲ့ လိုင်းတွေနဲ့တန်းတူ ယာဉ်စီးခ ၂၀၀ ကျပ် ပေးနေရလို့ပါ။ Automatic station announcer လို ထပ်ပေါင်းထည့်တဲ့ system တွေရဲ့ ကုန်ကျစရိတ်တွေလည်း မရှိပါဘူး။ Organization ဆန်ဆန်လည်ပတ်နေကြတဲ့ operator တွေမဟုတ်လို့ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ နောက်ကွယ်ကကုန်ကျစရိတ်ဆိုတာလည်း မရှိပါဘူး။ Service နဲ့ maintenance ပိုင်းကိုလည်း အရမ်းအလေးမထားကြပါဘူး။
ကျွန်တော်တို့ ခရီးသွားပြည်သူတိုင်း ဝန်ဆောင်မှုကောင်းမွန်တဲ့ ဘတ်စ်ကားလိုင်းတွေကို အလိုရှိကြပါတယ်။ ကျွန်တော်တို့သွားလိုတဲ့ ခရီးစဉ်ကို စိတ်အေးချမ်းသာစွာနဲ့ သွားလိုကြပါတယ်။ ပူလောင်လှတဲ့ ရာသီဥတုအောက်မှာ aircon အေးအေးလေးနဲ့၊ ကားအတွင်းပိုင်း အနံ့အသက် မွှေးမွှေးကြိုင်ကြိုင်လေး သွားလာလိုကြပါတယ်။ ကျွန်တော်တို့ ခရီးသွားပြည်သူတွေကလည်း ဝန်ဆောင်မှုကို အကောင်းဆုံးလိုချင်တဲ့အလျောက် ဝန်ဆောင်မှုအဆင့်အတန်းအလိုက် ထိုက်သင့်တဲ့ယာဉ်စီးခကို ပေးကြဖို့ မတွေဝေသင့်ပါဘူး။

ယာဉ်စီးခကိစ္စ ငြင်းကြခုံကြ၊ ဆွေးနွေးကြတဲ့အခါ YBS 83 နဲ့ YBS 78 တို့ ၃၀၀ ကျပ် ကောက်ခံတဲ့ကိစ္စက တော်တော်လေး အဝေဖန်ခံကြရပါတယ်။ ဒီကားတွေရဲ့ အရင်းအနှီးမတည်ငွေနဲ့ ဝန်ဆောင်မှုပိုင်းဆိုင်ရာ ကုန်ကျစရိတ်တွေ အရင်းအနှီးအလွန်မြင့်မားတာကို အထက်ပါစာပိုဒ်တွေမှာ ကျွန်တော်ဆွေးနွေးခဲ့ပြီးပါပြီ။ YBS 83 ဟာဆိုရင် YBS 6 နဲ့ လမ်းကြောင်းအရ တစ်စိတ်တစ်ဒေသ တူညီပါတယ်။ ဒီနှစ်လိုင်းလုံးကို စီးဖူးကြတယ့် ခရီးသွားပြည်သူတွေဆိုရင် ဘာတွေကွာလဲ သိကြပါလိမ့်မယ်။ ခရီးသွားပြည်သူအနေနဲ့ ရွေးချယ်စရာမရှိတာမျိုးမဟုတ်ပါဘူး။ ခရီးတိုသွားကြမယ့် သူတွေအနေနဲ့ ၃၀၀ တန်ကားစီးဖို့ အဆင်မပြေတဲ့အခါ ၂၀၀ တန်ကားကို ရွေးချယ်နိုင်ပါတယ်။ YBS 78 ဆိုရင်လည်း YBS 21, 39 တို့နဲ့ ခရီးစဉ်တူညီကြပြီး မြို့တွင်းမှာဆိုရင် YBS 56, 58 တို့နဲ့ တူညီကြပါတယ်။ ခရီးတိုအတွက် ၃၀၀ တန် မစီးလိုတဲ့အခါ ၁၀၀ တန်၊ ၂၀၀ တန်လိုင်းတွေကို ရွေးချယ်လို့ရနိုင်တဲ့ အနေအထားဖြစ်ပါတယ်။

ဆိုကြပါစို့။ Brand new ကားတွေလည်း တခြားအတန်းအစားကားတွေနည်းတူ ယာဉ်စီးခကို ၂၀၀ ကျပ်လို့ လျှော့ချပေးတဲ့အခါ ခရီးသည်ဘက်က အဆင်ပြေပေမယ့် operator ကြီးတွေဘက်က ရေရှည်ရပ်တည်ဖို့ ခက်ခဲပါတယ်။ ဘတ်စ်ကားလုပ်ငန်းဆိုတာ အရှုံးနဲ့စတင်ရတယ်ဆိုပေမယ့် အမြဲတမ်းလည်း အရှုံးခံနေလို့ မဖြစ်ပါဘူး။ စီးပွားရေးအရလည်း ကြည့်ရပါလိမ့်မယ်။ Operator ကြီးတွေ ရေရှည်မရပ်တည်နိုင်လို့ ပြိုလဲသွားကြတဲ့အခါ အရင်ဆုံးနစ်နာမှာက operator ကြီးတွေပါ။ ဒါပေမယ့် ဝန်ဆောင်မှုကောင်းမွန်တဲ့ operator ကြီးတွေ ပြိုလဲတဲ့အခါ တစ်ဆက်တည်းဆိုသလို ခရီးသွားပြည်သူတွေလည်း နစ်နာမှာဖြစ်ပါတယ်။ ခရီးသွားပြည်သူတွေအတွက် ဝန်ဆောင်မှုကောင်းမွန်တဲ့ operator ကြီးတွေ မရှိတော့ရင် အရင်လိုပဲ ယာဉ်အိုယာဉ်ဟောင်းတွေနဲ့ ဝန်ဆောင်မှုလုံးဝမပါတဲ့ ကာလတွေကို သံသရာချားရဟတ် တစ်ပတ်လည်သွားနိုင်ပါတယ်။

ကြုံလို့ ထည့်ပြောချင်ပါသေးတယ်။ YBPC ရဲ့ YBS 37 ဆိုရင် ထောက်ကြန့် (ပင်မလိုင်း)၊ ဝါယာလက် (လိုင်းခွဲ)၊ မှော်ဘီ (လိုင်းခွဲ)၊ လှည်းကူး (လိုင်းခွဲ) ဆိုပြီး ရှိကြပါတယ်။ ဥပမာ မှော်ဘီလိုင်းခွဲဆိုပါစို့။ မှော်ဘီ – ထောက်ကြန့် ၂၀၀ ကျပ်၊ ထောက်ကြန့် – သရက်တော ၂၀၀ ကျပ်၊ သရက်တော – ခြောက်ထပ်ရုံး ၁၀၀ ကျပ်ဆိုပြီး အပိုင်းလိုက်ကောက်ပါတယ်။ သရက်တောရောက်လို့ ရန်ကုန်မြို့တွင်း ဆက်စီးကြမယ့် ခရီးသည် (၁၀) ယောက်မှာ (၈) ယောက်က ယာဉ်မောင်းတွေ၊ volunteer တွေ မေတ္တာရပ်ခံတဲ့ကြားက ယာဉ်စီးခ ၁၀၀ ကို ထပ်မထည့်ကြပါဘူး။ တချို့ဆိုရင် သရက်တောက တက်လို့ ၁၀၀ ကျပ်ထည့်ပြီး နောက်ထပ်လုံးဝထပ်မထည့်ဘဲ မှော်ဘီထိ ပတ်စီးသွားတဲ့ခရီးသည်တွေလည်း ကြုံဖူးပါတယ်။

တကယ်တော့ ကျွန်တော်တို့ခရီးသည်တွေရဲ့ စိတ်ဓာတ်အဆင့်အတန်းတွေလည်း မြှင့်တင်ကြဖို့ အများကြီးလိုနေပါသေးတယ်။ အားလုံးကို မဆိုလိုပါဘူး။ Operator တွေရော ခရီးသည်တွေရော လိုအပ်နေပါသေးတယ်။ ကျွန်တော်တို့ဗျာ… ရှေ့လေကာမှန်မှာ AIRCON BUS ဆိုတဲ့ sticker ကြီးတွေကပ်၊ ဘေးမှန်ကို sticker အမဲကြီးတွေကပ်ပြီး ရုပ်တည်နဲ့ aircon လည်းမဖွင့်ဘဲ ပြူတင်းပေါက်ဖွင့်မောင်းနေကြတဲ့ လိုင်းတွေကိုတောင် ၂၀၀ ကျပ် ပေးစီးနေကြတာပဲ မဟုတ်လားဗျာ။ တကယ်ဝန်ဆောင်မှုကောင်းမွန်တဲ့ ယာဉ်လိုင်းတွေကိုတော့ ကျွန်တော်တို့တွေ ထိုက်တန်တဲ့ယာဉ်စီးခ ပေးကြပါစို့လား။ ခရီးသွားတစ်ယောက်ဖြစ်တဲ့ ကျွန်တော်ကပဲ ခရီးသွားတွေကို ကြားထဲကနေ မေတ္တာရပ်ခံပါတယ်ဗျာ။ ရေမြင့်လေ၊ ကြာတင့်လေဆိုတဲ့ စကားအတိုင်း ဝန်ဆောင်မှုကောင်းမွန်တဲ့ ယာဉ်လိုင်းတွေ များများပေါ်ပေါက်လာလေ ကျွန်တော်တို့ခရီးသည်တွေလည်း အဆင့်အတန်းမြင့်စွာ သွားလာနိုင်လေဖြစ်မှာပါ။ ရန်ကုန်မြို့တွင်း ခရီးသည်ပို့ဆောင်ရေးလောကကြီး အစဉ်တိုးတက်ဖို့အတွက် လုပ်ငန်းရှင်တွေရော၊ ကျွန်တော်တို့ခရီးသွားပြည်သူတွေရော အတူလက်တွဲချီတက်ကြပါစို့လားခင်ဗျာ။

ယခုဆွေးနွေးချက်ဟာ ကျွန်တော့်တစ်ကိုယ်ရည် အမြင်ရှိသလောက် သုံးသပ်ချက်သာဖြစ်ပြီး အမှားတစ်စုံတစ်ရာရှိရင်လည်း ကျွန်တော့်လိုအပ်ချက်သာ ဖြစ်ပါတယ်။

Credit – Thet Naing Soe

No Tags

  

Sponsored Links

Leave a Reply

You must be logged in to post a comment.

Sponsored Ads

  • Myanmar Car Market
  • Myanmar Property
  • Myanmar Website Design
  • Ad 1
  • Interior design and renovation
  • Ad 1
  • ThuKhaSan Myanmar Traditional Medicine

Sponsored Links

Facebook Friends

Google Plus Friends